Media

News & Announcements

"TCSF အကြောင်း သိကောင်းစရာ"

Posted on in News
...
ကျွန်တော်တို့ မြန်မာနိုင်ငံက ကလေးတိုင်းကို အရည်အသွေးကောင်းမွန်တဲ့ ပညာရေး ပေးနိုင်ဖို့အတွက် အခြေခံပညာရေး ကဏ္ဍ ပြုပြင်ပြောင်းလဲမှု အစီအစဉ်အဖြစ် အမျိုးသားပညာရေး (National Education) ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေပါတယ်။

ဒီပြုပြင်ပြောင်းလဲမှုတွေနဲ့အညီ လက်တွေ့ကျကျ ထိထိရောက်ရောက် သင်ကြားပေးနိုင်စွမ်းရှိတဲ့ အရည်အချင်းရှိဆရာများလည်း လိုအပ်ပါတယ်။ အရည်အချင်းရှိဆရာများလို့ဆိုရာမှာ စာသင်ကြားမှုတစ်ခုတည်းသာမဟုတ်ဘဲ၊ စာသင်ခန်းအတွင်းရော စာသင်ခန်းပြင်ပ ကျောင်းရဲ့အသိုင်းအဝိုင်းမှာပါ တန်းတူညီမှုရှိပြီး အကျိုးဖြစ်စေတဲ့အရာတွေကို လုပ်ဆောင်နိုင်စွမ်းရှိတဲ့ ဆရာများကို ဆိုလိုတာဖြစ်ပါတယ်။ ကျောင်းသားများရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ဆရာတစ်ယောက်ဟာ ကျောင်းသားတစ်ယောက်စီရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်စွမ်းရှိရမယ်။

အဲဒီတော့ ကျွန်တော်တို့ရဲ့ ဆရာ၊ ဆရာမများဟာ ဒီလိုလုပ်ဆောင်နိုင်စွမ်းရှိပါတယ်၊ ဒီလိုအရည်အသွေးတွေပြည့်မှီပါတယ်ဆိုတာကို ဘယ်လိုအကဲဖြတ်တိုင်းတာကြမလဲ။ နောက်ထပ်အရေးကြီးတာတစ်ခုက ဆရာတွေရဲ့ အလုပ်အကိုင်လမ်းကြောင်း (Career Pathway) လုပ်သက်တလျှောက်မှာ ဘယ်လိုခိုင်မာသေချာအောင် လုပ်ဆောင်ပေးကြမလဲဆိုတာ ဖြစ်ပါတယ်။ ဘွဲ့ရပြီးလုပ်ငန်းခွင်ဝင်လိုက်တာနဲ့ ဆရာတန်းဖြစ်မယ်၊ မူလတန်းမှာ စာစသင်ရင်း အတွေ့အကြုံယူမယ်၊ အလယ်တန်းကိုရာထူးတိုးမယ်၊ နောက်တဆင့်၊ နောက်တဆင့် စသည်ဖြင့်ရှိနေခြင်းဟာ အရည်အသွေးရှိ ပညာရေးစနစ်အတွက်တော့ ကောင်းမွန်တဲ့အနေအထားမဟုတ်ပါဘူး။ ဆရာ့လုပ်ငန်းအတတ်ပညာ၊ အလုပ်အကိုင်လမ်းကြောင်း၊ အထူးပြုလမ်းကြောင်း (Professional career) ဒါတွေက တသမတ်တည်းရှိနေမှသာ အရည်အသွေးမြင့်ပညာရေးကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဥပမာ ကလေးများရဲ့ သင်ယူမှုကို ပုံဖော်ပေးနိုင်တဲ့ အစောပိုင်းစာသင်နှစ်များမှာ လုပ်သက်နုတဲ့ဆရာအသစ်များနဲ့ သင်ယူနေရခြင်းမျိုး၊ ရာထူးတိုးရင် အတန်းကြီးကို တက်ပြီးသင်ရတဲ့ အခြေအနေမျိုး စတာတွေကို ပြောင်းလဲဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဒီရည်မှန်းချက်တွေကို ပြည့်မှီရရှိဖို့အတွက် ခိုင်မာအားကောင်းတဲ့ စနစ်တစ်ခုကို ပညာရေးဝန်ကြီးဌာနက၊ UNESCO (STEM) အဖွဲ့နဲ့ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့နိုင်ငံက ဆရာများအတွက် မျှော်မှန်းထားသော အခန်းကဏ္ဍ၊ တာဝန်ဝတ္တရားများနဲ့ ပတ်သက်တဲ့ ဆရာအတတ်ပညာလုပ်ငန်းအခန်းကဏ္ဍ၊ ဆရာအတတ်ပညာလုပ်ငန်းနဲ့ပတ်သက်ပြီး ဘယ်လိုနားလည်သဘောပေါက်ထားသလဲ၊ ဘယ်လောက်ကျွမ်းကျင်မှုရှိသလဲ စသည်ဖြင့် အရည်အသွေးပြည့်ဝတဲ့ ဆရာလုပ်ငန်းအင်အားစုကို မွေးထုတ်ပေးနိုင်မယ့် အစီအစဉ်များပါဝင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။

“ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင် (Teacher Competency Standards Framework – TCSF) ကို ကြားဖူးကြမယ်လို့ ထင်ပါတယ်။ အပေါ်မှာပြောထားတဲ့ အချက်တွေကို အောင်မြင်အောင်ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့လမ်းညွှန်မှုကို ဒီအညွှန်းဘောင်က ပေးမှာဖြစ်ပါတယ်။ ဆရာ၊ဆရာမတို့ရဲ့ အလုပ်အကိုင် လမ်းကြောင်းတလျှောက် တိကျတဲ့ အဆင့်အမှတ်အသားတွေနဲ့အတူ လုပ်ငန်းအတတ်ပညာတွေကို တဆင့်ပြီးတစ်ဆင့် မြှင့်တင်ပေးသွားမှာလည်း ဖြစ်ပါတယ်။

ရည်ရွယ်ချက်နှင့်အသုံးပြုမှု
ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်ဟာ၊ မူဝါဒရေးဆွဲသူများနဲ့ ဆရာအတတ်ပညာရေး (လုပ်ငန်းခွင်အကြို၊ လုပ်ငန်းခွင်အတွင်း) နှင့် အခြေခံပညာရေးအတွက်် တာဝန်ရှိ သော သင်ရိုးညွှန်းတမ်းရေးဆွဲသူများအတွက်၊ လမ်းညွှန်တစ်ခု ဖြစ်ပါတယ်။
ဒီအညွှန်းဘောင်ဟာ ဆရာများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်နဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အလေ့အကျင့်များ စဉ်ဆက်မပြတ် အရည်အသွေးမြင့်မားရေး အတွက် အသုံးပြုနိုင်တဲ့ လက်စွဲတစ်ခုလည်း ဖြစ်ပါတယ်။
အညွှန်းဘောင်ကို အောက်ပါရည်ရွယ်ချက်များဖြင့် အသုံးပြုနိုင်ပါတယ် -
• ဆရာအတတ်ပညာဆိုင်ရာ လက်တွေ့လေ့ကျင့်ဆောင်ရွက်မှုများ၊ မျှော်မှန်းထားသော သင်ကြားမှုအတတ်ပညာနှင့် ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများ သိရှိမှုများ (Pedagogical Content Knowledge: PCK) နှင့် ပတ်သက်၍ မူဝါဒရေးဆွဲသူများ၊ သင်ရိုးညွှန်းတမ်းရေးဆွဲသူများနှင့် ဆရာများကို ရှင်းလင်းသော ညွှန်ကြားချက်များပံ့ပိုးနိုင်ရန်။
• သင်ရိုးညွှန်းတမ်းအညွှန်းဘောင် ရေးဆွဲပြုစုခြင်း အပါအဝင် ဆရာအတတ်သင်တန်း အစီအစဉ်များကို စဉ်ဆက်မပြတ်လေ့လာကြီးကြပ်ခြင်းနှင့် ပြန်လည်ပြင်ဆင််ခြင်းလုပ်ငန်း များတွင် လမ်းညွှန်မှုပေးနိုင်ရန်။
• လုပ်ငန်းခွင်အကြို ဆရာအတတ်သင်တန်းပြီးဆုံးသူများအား တရားဝင်အသိအမှတ်ပြုမှု အတွက် အနိမ့်ဆုံးစံသတ်မှတ်ချက်များနှင့်အညီ စစ်ဆေးအကဲဖြတ်ရာတွင် အထောက် အကူပြုရန်။
• ဆရာအတတ်သင်ဆရာများ၊ ကြီးကြပ်သူများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာများ၏ သင်ကြားရေးပိုင်း ဆိုင်ရာကြီးကြပ်ခြင်းများ၊ ဆရာအချင်းချင်း အနီးကပ်လေ့လာကြီးကြပ် လမ်းညွှန်သင်ပြအကြံဉာဏ်များပေးခြင်းကို အားဖြည့်ဆောင်ရွက်နိုင်ရန်။
• ပညာအရည်အချင်းနှင့် လုပ်သက်အရ နေရာချထားပေးခြင်း၊ ရာထူးတိုးပေးခြင်းစနစ်မှ အရည်အသွေးအလိုက်နေရာချထားပေးခြင်း၊ ရာထူးတိုးပေးခြင်းစနစ်သို့ပြောင်းလဲဆောင်ရွက်နိုင်ရန်အတွက် ကျောင်းသားများ၏ သင်ယူမှုကို အထောက်အကူပြုနိုင်ရန် ဆရာများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် တတ်ကျွမ်းမှုကို စောင့်ကြည့်လေ့လာခြင်းသို့ ကူးပြောင်း ဆောင်ရွက်နိုင်ရန်။

အရည်အချင်းများ
ဤအညွှန်းဘောင်ဟာ သင်တန်းအမျိုးအစား (အထောက်အထားလက်မှတ်၊ ဒီပလိုမာ၊ဘွဲ့)၊ သင်တန်းကာလ (သို့မဟုတ်) ပို့ချသည့်နည်းလမ်းများ (တက္ကသိုလ်၊ ပညာရေးကောလိပ်၊ အဝေးသင်ပညာရေး (သို့မဟုတ်)စာပေးစာယူသင်တန်းများနှင့် ကျောင်းအခြေပြုသင်တန်းများ) အကြားခွဲခြားခြင်းမရှိပါ။ ဆိုလိုတာကတော့ မည်သည့်သင်တန်းတက်ရောက်သည်ဖြစ်စေ၊ ဆရာ တစ်ယောက်ဟာ သင်တန်း (သို့မဟုတ်) သင်တန်းအစီအစဉ်ပြီးဆုံးပါက၊ လုပ်ငန်းတာဝန် စတင်ထမ်းဆောင်သည့်ဆရာများအတွက် သတ်မှတ်ဖော်ထုတ်ထားတဲ့၊ အနိမ့်ဆုံးတတ်ကျွမ်းမှု စံသတ်မှတ်ချက်များ ရရှိသွားရမှာ ဖြစ်ပါတယ်။

အခုဆိုရင် ဒီမူဘောင်အတွက် မူကြမ်းအတည်ပြုအစည်းအဝေးများကို သက်ဆိုင်ရာ ပညာရှင်များဖြစ်တဲ့ ဆရာအတတ်ပညာမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်မှူး၊ ဒု-ညွှန်မှူးများ၊ Teacher Task Force၊ TCSF အကောင်အထည်ဖော်ရေး လုပ်ငန်းဆောင်ရွက်မှုအဖွဲ့ ကိုယ်စားလှယ်များ၊ TCSF သုတေသနပြုစုရေးအဖွဲ့မှ ကိုယ်စားလှယ်များ၊ ပညာရေးသုတေသနစီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာန၊ စောင့်ကြည့်ရေးနဲ့ ပြန်လည်သုံးသပ်ရေးဌာန၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်မှ တာဝန်ရှိသူများ၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ၊ ပညာရေးကောလိပ်များ ကျောင်းအုပ်ကြီးများ၊ တိုင်းပညာရေးရုံးမှ တာဝန်ရှိသူများစုပေါင်း၍ ပြုလုပ်နေပြီး လာမယ့် ဂျူလိုင်လဆန်းမှာ အပြီးသတ်အတည်ပြုမယ်လို့ သိရပါတယ်။ ဒါပြီးရင်တော့ ပညာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး UNESCO (STEM) အဖွဲ့နဲ့အတူ စီမံကိန်းမိတ်ဆက်ခြင်းကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။ ။